Monday, December 19, 2011

Best Friend




သူငယ်ချင်းဆိုတာ မရှိမကောင်း ရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက် နီးတကျက်ကျက် ဝေးတစ်သက်သက် မတည့်အတူနေဆိုသလို တည့်လွန်းတော့ရန်ဖြစ်ရတယ် အသက်နဲ့လဲမဆိုင် ရင့်ကြတ်ချင်ရောင်ဆောင်ပြီး ဟန်ဆောင်ခွင့်လွှတ်ပေမယ့် တကယ်တမ်းကျတော့ အားမနာတမ်းပြောဆိုပစ်လိုက်ရမှ ကျေနပ်သွားသလိုလို.. အဲ နောက်ကျတော့လဲ လွယ်လွယ်မေ့ပျောက်လို့ မတွေ့တာကြာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုံကြရင်း ပြန်ချစ်ကြလို့ ရန်ဖြစ်ဖို့ အားယူနေကြပြန်တယ်.. ထို့ကြောင့် သူငယ်ချင်းဆိုတာ ကိုယ့်ကို ဒုက္ခအပေးဆုံးသူများ ဖြစ်သလို ကိုယ်ဒုက္ခပေးတာ အခံရဆုံးသူများလည်း ဖြစ်ကြသည်။ ။

သူငယ်များသို့ အမှတ်တရ...

Friday, December 09, 2011

လတ်တလော စိတ်ခံစားမှု


မရောက်တာကြာပြီဖြစ်တဲ့ ရွာကိုရောက်ခဲ့တယ် အဖိုးနဲ့အဖွားကိုကန်တော့ဖို့တနှစ်မှာတခါတော့အမြဲလိုရောက်ဖြစ်တဲ့ရွာကလေး...
ဒါပေမယ့် ရွာမှာအရင်လို အစိမ်းရောင်တွေ များများမမြင်ရတော့ဘူး အသီးတွေခပ်များများအပင်တွေမရှိတော့ဘူး ရွာကျောင်းမှာ သစ်သားကျောင်းကနေ အုတ်ခံပြောင်းတာကလွဲလို့ မူလတန်းအဆင့်ကျောင်းလေးထွေထူးပြီး
တိုးတက်နေတာ မတွေ့ရဘူး အရင်ကရွာသူကြီးကအသက်ခပ်ကြီးကြီး သိပ်အချမ်းသာကြီးထဲကမဟုတ်ဘူး အခုတော့ အချမ်းသာဆုံးလို့ဆိုသူက ရွာသူကြီးအဖြစ်
နှစ်ကာလအတော်ကြာနေရာယူလို့ ... ရွာ အပြောတော့ လူကြီးကွင်းဆင်းရင် စရိတ်ခံနိုင်တဲ့သူကိုရွာသူကြီးထားမှအဆင်ပြေသတဲ့.. ပြီးခဲ့တဲ့ကာလ မဲပေးတုန်းက တဆညနဲ့ ကြံ့ဖွတ်အဲမှားလို့ ကြံ့ခိုင်ရေး၂ခုမဲကို လူကြီးထည့်စေချင်တာ မဲမဆွယ်ပဲ
ထည့်ပေးကြတဲ့ရွာ... အကြွေးတွေနဲ့ မကင်းရာမကင်းကြောင်း အငြိုငြင်ခံလို့မဖြစ်ဘူးဆိုပြီး မဲထည့်ကြတဲ့ ရွာ... ...
အိမ်တိုင်း နွားတွေလှည်းတွေနဲ့ စပါးရိတ်ချိန်ကျော်တဲ့ ဒီလိုအချိန်ဆို ရွာနောက်ဘက်ကွင်းထဲစပါးနယ်ရင်း သီချင်းတကြော်ကြော်စည်ကားခဲ့တဲ့ရွာ...
ခုတော့ ရွာနောက်ဖက်လည်းချောက်ကပ်နေလေရဲ့.. လူငယ်တွေ ဘယ်ရောက်ကုန်လဲ...မေးစရာရှိသလိ်ု... ဘာလို့ချောက်ကပ်နေရသလဲ အဖြေထုတ်စရာလဲရှိသည်။
လူငယ်တွေ မလေးရှားနဲ့ မြဝတီ နယ်စပ်တွေရောက်ကုန်ကြသည်. မိသားစုစားဝတ်နေရေးအတွက်စွန့်စားပြီး မြို့တက်လို့ အလုပ်လုပ်ရင်း...
လယ်ထဲဆင်းဖို့လူတွေရှားပါးနေခဲ့ရသည်.. ညနေတောင်မဆောင်းသေးပေမယ့်
ခပ်ထွေထွေသီချင်းသံလေးလေးနဲ့ရေချိန်ကိုက်နေတဲ့သူတွေတော့ရွာလမ်းမှာ ဟိုဒီလျှောက်လို့...
ခပ်ငယ်ငယ်တုန်းက မောင်နှမတွေ စပါးသိမ်းချိန် နှမ်းသိမ်းချိန် တောင်လိုပုံနေတဲ့နှမ်းပုံတွေပေါ်တက်ထိုင်ရင်း
စားကျက်မှာလွှတ်ထားတဲ့နွားတွေ ဗိုလ်လုတဲ့နွားတိုက်ပွဲကြည့်ခဲ့တာမှတ်မိနေသေးသည်။
နှမ်းတွေလဲတောင်လိုပုံမနေတော့ပါ.. နေဝင်ဆည်းဆာမှာ နွားတွေလဲစားကျက်လွှတ်တာမတွေ့ရတော့ပါ...
အော် နွားတကောင်ဝယ်ဖို့ မလွယ်တော့ဘူး ငါမြေးရဲ့ ဆိုပြီး ပြောတဲ့ အဖိုးစကားကိုသတိရမိပြန်သည်။
လယ်ပိုင်ရှိပြီးလယ်လုပ်ချိန်မှ နွားငှားပြီးလုပ်နေရတဲ့ တဲ့အဖိုးတောင် သားတွေသမီးတွေမလုပ်နိုင်တော့ သီးစားချထားပြီး ဘိုးမွေဘွားမွေကိုမပျောက်အောင်ဆက်လက် လုပ်ကိုင်နေသေးပေမယ့်
၉၆နှစ် အဖိုးမှာ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပြီ... သက်ကြီးစကား သက်ငယ်များ နားထောင်ရန်အချိန်မပေးနိုင်တော့ပြီ...
လယ်ဆိုတဲ့အတိုင်း စပါးရတော့အကြွေးဆပ်.. ငွေချေးရင်းစပါးစိုက်နွားငှား ..ဖြင့် သံသရာလည်နေတော့သည်။
အလှတရားတွေနဲ့ကျေးလက်အငွေ့အသက်စစ်စစ်မရနိုင်တော့ပြီ။ ... နှမြေစရာကောင်းလေစွ။ ...
ယနေ့တိုင် တပ်မတော်မှ ထွက် ဝါသနာအရဆေးကုနေတဲ့ ဒေါက်တာရမ်းကုဖြင့် ကျန်းမာရေးကိုဖြေရှင်းနေတုန်းဖြစ်သည်။....
ခွေးရူးကိုက်လို့ အသက်ဆုံးရတဲ့ကလေး၊ ကလေးမွေးရင်းသွေးလွန်လို့ဆုံးတဲအမေတွေ
မြွေကိုက်လို့ ဘုန်ကြီးနှင့် မန်းရင်း ဆေးကုလို့ သေဆုံးတဲ့သူတွေ ယခုတိုင်ရှိနေသေးသည်။
တနေ့တော့ မပြောင်းလဲသင့်တာတွေတည်မြဲနေဖို့ ပြောင်းလဲသင့်တာတွေ ပြောင်းလဲပစ်နိုင်ဖို့ ရည်သန်ခဲ့မိသည်။ ...... တနေ့တော့ ဖြစ်လာမည်။

Sunset